တနိုင်း အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်မှစတင်၍ ဒုတိယအကြိမ် ကြေညာကပ်ထားလျက်ရှိသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်အောန်း၊ အဖွဲ့ဝင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းညွှန့်၊ မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးဖြိုးဝေဆန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးကျော်သက်ပိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့မွန်းလွဲ(၃)နာရီက တနိုင်းမြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက် ဖြစ်သည့် ကင်ဆားရာ ရပ်ကွက်၊ ဆင်မ်ဆာ့ရပ်ကွက်၊ မုန်ဒိန်ရပ်ကွက်၊ ပုန်ခုန်းရပ်ကွက်၊ ဟူးကောင်းရပ်ကွက်၊ ဒူးကောင်းရပ်ကွက်၊ ဆွတ်ငိုင် ရပ်ကွက်များ၌ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေ များကို သွားရောက်ကြည့်ရှုခဲ့ကြပြီး ကြေညာထားသည့် နေရာများတွင် လာရောက်ကြည့်ရှုသူများ အခက်အခဲမရှိ အဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ(၁)ရက်မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိ နေ့စဉ် နံနက် (၇)နာရီမှ ည(၉)နာရီအထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားပြီး ဖြစ်သည်။
မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံ(၃)ဖြင့် အမည်ထည့်သွင်း တောင်းဆိုရန်၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရန်၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းရန်တို့ကို ဆောင်ရွက်နိုင်ရန်လိုအပ်သော ပုံစံများကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ထုတ်ယူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)