အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များ စာရင်းကြေညာထားမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု

မန္တလေး အောက်တိုဘာ   ၂

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းကို အောက်တိုဘာ၁ရက်နေ့က စတင်၍ ကြေညာထားရာ အဆိုပါကြေညာ ထားမှုများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့မှ ယမန်နေ့ နံနက် ၉နာရီက မြို့နယ်အတွင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် ကော်မရှင်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်ပြီး မဲဆန္ဒရှင်များစာရင်းကြေညာထားမှုများကိုကြည့်ရှုကြခြင်းဖြစ်သည်။

အဆိုပါ မဲဆန္ဒရှင်များ စာရင်းကို အောက်တိုဘာ ၁ရက်‌နေ့မှ အောက်တိုဘာ ၁၄ရက်‌နေ့ထိ ၁၄ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာ ထားမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်များက မဲစာရင်းကို လာရောက်ကြည့်ရှု စစ်ဆေးပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။

"မဲဆန္ဒရှင်များစာရင်းကိုနောက်ဆုံးအကြိမ်ကြေညာပေးတာဖြစ်တဲ့အတွက် မဲဆန္ဒရှင်ပြည်သူများအနေနဲ့ အိမ်ထောင်စုတစ်စုမှာ အနည်းဆုံး မိသားစုဝင်တစ်ယောက်လောက်ကတော့ လာကြည့်စေချင်ပါတယ်၊ ကြည့်ပြီးတော့မှ ပြင်ချင်တာ၊ ဖြည့်ချင်တာ‌တွေကို ဒီကြေညာထားတဲ့ ၁၄ရက်အတွင်းမှာ ပြင်နိုင်၊ ဖြည့်နိုင်မှာပါ၊ ဒါ့အပြင် ကိုယ့်ရဲ့မဲစာရင်း အမှတ်စဉ်ကိုလည်း မှတ်သားထားဖို့လိုပါတယ်၊ ဒါမှရွေးကောက်ပွဲနေ့ မဲပေးတဲ့အခါမှာ အမှတ်စဉ်ကိုသိတော့ မြန်မြန်ဆန်ဆန်နဲ့ မဲပေးနိုင်မှာပဲဖြစ်ပါတယ်၊ ဒါကြောင့် မဲစာရင်းတွေကို လာ‌ရောက်ကြည့်ရှုကြပါလို့ မဲဆန္ဒရှင် ပြည်သူများကို တိုက်တွန်းဖိတ်ခေါ်ပါတယ်"လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ပြောသည်။

အောင်မြေသာစံမြု့နယ်တွင် ရပ်ကွက်ကြီး(၁၉)ရပ် ကွက်ရှိပြီး မဲရုံပေါင်း(၉၂)ရုံရှိကာ မဲဆန္ဒရှင်ဦးရေ ကျား(၈၁၈၄၆)ဦးနှင့် မ(၉၇၅၆၈)ဦး၊ စုစုပေါင်း (၁၇၉၄၁၄)ဦးတို့နှင့် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ ကျား(၃၉၉)ဦး၊ မ(၆၂၅)ဦး၊ စုစုပေါင်း(၁၀၂၄)ဦး ရှိကြောင်းသိရသည်။

ဇော်လင်းဦး(အောင်စံ)