နောင်မွန်းမြို့၌ မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

နောင်မွန်း မတ် ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်လာစေရေးနှင့် မြို့နယ်ကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပသော မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကဆန်ထီ ဘောလုံးအသင်းနှင့် ရနမ်ထီညီအစ်ကိုများ‌ ဘောလုံးအသင်းတို့ တတိယလုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် ပါပူလုံထန် ဘောလုံးအသင်းနှင့် နောင်မွန်းအုပ်စု ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပါပူလုံထန်အသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အဖွင့်အမှာစကားကို မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က ပြိုင်ပွဲတွင် အားကြိုးမာန်တက် ကြိုးစားပါဝင် ကစားပေးခဲ့ကြသည့် ကစားသမားများ အသင်းသားများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မြို့နယ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ‌စေရေးအတွက် ဘောလုံးနည်းစနစ်အပိုင်း စည်းမျဉ်းစည်းကမ်းအပိုင်း ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုအပိုင်းများကို ဆက်လက်‌လေ့လာ သင်ယူသွားကြရမှာဖြစ်ကြောင်းနှင့် ယခုပြိုင်ပွဲမှ မြို့နယ်ကိုယ်စားပြု လက်‌ရွေးစင်အသင်းတွင် ရွေးချယ်ခံရသည့် အားကစားသမားများအနေဖြင့် ပြည်နယ်တွင်းပြိုင်ပွဲများတွင် မြို့နယ်ဂုဏ်ဆောင်နိုင်စေရန် ကြိုးစားကစားသွားကြပါရန် တိုက်တွန်း မှာကြားသည်။

ထို့နောက် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က ပထမဆုရရှိခဲ့သည့် ပါပူလုံထန်‌ အသင်းကို ဆု‌ကြေးငွေများ ချီးမြှင့်ပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးယုံထန်ဖုန်ရမ်က ဒုတိယဆုရရှိသည့် နောင်မွန်းအုပ်စု အသင်းအားလည်းကောင်း၊ လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုင်းခမ်း‌ခေါင်က တတိယဆုရရှိသည့် ရနမ်ထီညီအစ်ကိုများ အသင်းအားလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မင်းအုဋ်က နှစ်သိမ့် ဆုရရှိသည့်က ဆန်ထီအသင်းအားလည်‌ကောင်း ဆု‌ကြေးငွေများ အသီးသီးချီးမြှင့်ခဲ့ကြကာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထက်ခိုင်ငြိမ်းက ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၇)သင်းတို့က မတ်လ၂၁ရက်နေ့မှ မတ်လ၂၈ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယင်းပြိုင်ပွဲ၌ အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်သည့် ကစားသမားများကို ရွေးချယ်ပြီး မြို့နယ်ကိုယ်စားပြုအသင်းဖွဲ့ကာ ဧပြီလတွင် မြစ်ကြီးနားမြို့၌ ကျင်းပမည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ် အမျိုးသားဘောလုံးပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)