လွယ်ဂျယ် အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ပေါ် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု တစ်အုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် အောက်တိုဘာ(၁)ရက်နေ့စတင်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိကြောင်း သိရသည်။
အဆိုပါမဲစာရင်းများ ကြေညာထားရှိရာတွင် အောက်တိုဘာလ ၁၄ ရက်နေ့အထိ ကြေညာသွားမည်ဖြစ်ပြီး မဲစာရင်းတွင် အမည်စာရင်းမပါရှိလျှင် ပုံစံ(၃)ဖြင့် လာရောက် လျှောက်ထားနိုင်ခြင်း မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့်လာရောက် ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန်လာရောက် လျှောက်ထားခြင်းတို့ကို ကြေညာသည့် ရက်များတွင် ပြန်လည်လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
လွယ်ဂျယ်မြို့အနေဖြင့် မြို့ပေါ်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁)အုပ်စုတို့တွင် မဲရုံပေါင်း(၈)ရုံလျာထားပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၅၆၉၀)ဦးရှိကြောင့် သိရသည်။
အဆိုပါမဲစာရင်း ကြေညာထားရှိမှု အခြေအနေများကို မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုပြီး မဲစာရင်းကို ပြည်သူများလာရောက် ကြည့်ရှုနိုင်ရေး ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)