တောင်ကြီးမြို့၌ မဲစာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာ

တောင်ကြီး  အောက်တိုဘာ  ၂

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်မဲဆန္ဒရှင် စာရင်းများကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် တောင်ကြီးမြို့နယ် အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ၏အမည် စာရင်းများကို တောင်ကြီးမြို့နယ်တွင် ဒုတိယအကြိမ်ကပ်ထားကြေညာမှုလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မရှင်အဖွဲ့ခွဲဝင်များမှ ကွင်းဆင်ကြီးကြပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးထားကြောင်း ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ကပ်ထားကြေညာခြင်းသည် ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့ မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု နှင့်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့်အမည်ထည့်သွင်းရန်တောင်းဆိုခြင်း၊ အခြားဒေသမှလာရောက်နေထိုင်သူများဖြစ်ပါကပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ-၄ ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါအချက်အလက်များ မှားယွင်း နေပါက ပုံစံ-၄(ဂ)ဖြင့်ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှပြန်လည် စိစစ်၍ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့နယ်၌ မဲပေးသူဦးရေ ၃၁၉၁၂၇ ဦး ၊ မဲရုံပေါင်း ၂၄၅ ရုံရှိကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)