ကော့သောင်း၊ အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များစာရင်းကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများက သတ်မှတ်ထားသည့် နေရာများတွင် ဒုတိယအကြိမ် အသိပေးထုတ်ပြန်ကြေညာထားရှိရာ အောက်တိုဘာလ ၂ ရက်နေ့က ကော့သောင်းမြို့နေပြည်သူများ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာများအလိုက် နေရာအသီးသီးတွင် လာရောက်ကြည့်ရှုစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ်မဲဆန္ဒ ရှင်စာရင်း ကပ်ထားကြေညာခြင်းအား သြဂုတ်လ၇ရက်နေ့အထိ သတ်မှတ်ထားရာမှ အကြောင်း ကြောင်းကြောင့် လာရောက်ကြည့်ရှုရန်နောက်ကျနေသည့် ပြည်သူများ ကြည့်ရှုစစ်ဆေးနိုင်ရေး သြဂုတ်လ (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇) ရက်ထပ်မံတိုးမြှင့်ကြေညာပေးခဲ့ပြီး ယခုဒုတိယအကြိမ်ကြေညာ ထားရှိမှုကို လာရောက်ကြည့်ရှုစစ်ဆေးသည့်မြို့နေပြည်သူများ ပိုမိုများပြားလာကြောင်း သိရသည်။
အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင် စာရင်းများ လာရောက်ကြည့်ရှုရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးလာရောက်ကြည့်ရှုကြရန်နှင့် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှု စစ်ဆေး နိုင်သည့်အပြင် Mobile Application ဖြစ်သော findyourpollingstation.apk ကို Download ရယူပြီး မဲစာရင်းတွင် မိမိအမည် ပါ/မပါ ကြည့်ရှုစစ်ဆေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ထားသည်။
ကော့သောင်းမြို့နယ်အနေဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအရ မဲဆန္ဒရှင်စုစုပေါင်း (၁၀၅၉၄၃) ဦး နှင့်မဲရုံပေါင်း (၇၅)ရုံ ရှိပြီး ယခုဒုတိယအကြိမ် ကြေညာပေးထားထားသည့်မဲဆန္ဒရှင်စာရင်းအား အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာထားခြင်း ကြောင်းလည်း သိရသည်။
ကျော်စိုး(ကော့သောင်း)