မန္တလေးတိုင်းဒေသကြီးတွင် မဲဆန္ဒရှင်စာရင်းများအား ကပ်ထား ကြေညာ

မန္တလေး အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီးတွင် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို သက်ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။

" မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံ ၅၄၄၈ ရုံရှိပြီး မဲဆန္ဒရှင်ပေါင်းက (၄၇၈၄၂၈၈) ဦး ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီက ၂၁ ပါတီ ရှိပါတယ်။ မဲစာရင်းကို အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ဒုတိယအကြိမ်ကပ်လိုက်ပါပြီ။ ၁၄ ရက်နေ့အထိကို ပြင်ဆင်ဖြည့်စွက်တောင်းဆိုခွင့်ကို ပြုထားပါတယ်။လက်ရှိမဲစာရင်းကပ်တယ်ဆိုတာက နောက်ဆုံးကပ် တာပါ။ မဲပေးချင်တယ်ဆိုရင်တော့ မဲစာရင်းစစ်ဆေးကြပါ။ သူစစ်လို့ပါတယ်ဆိုရင် သူ့မှာအခွင့်အရေးက ရပြီးသားပါ။ မဲပေးချင်တဲ့အခွင့်ရေး လိုချင်ရင်တော့ မဲစာရင်းကို သွားကြည့်ကြပါ။ " ဟု မန္တလေး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

အဆိုပါ မဲဆန္ဒရှင်များစာရင်းကို ၂၀၂၀ပြည့်နှစ်အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် နောက်ဆုံး အကြိမ်အဖြစ် ကပ်ထားကြေညာထားမည်ဖြစ်ပြီး မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ထိပ်ထားနိုင်