နောင်ချို အောက်တိုဘာ ၂
ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းများကို ယမန်နေ့က စတင်၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
မဲစာရင်းများကပ်ထားကြေညာထားမှုအား မဲဆန္ဒရှင်ပြည်သူများက မိမိတို့၏အမည်စာရင်း ပါ/မပါ လာရောက်ကြည့်ရှုကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်မောင်ချင်းနှင့် အဖွဲ့ဝင်များက ရပ်/ကျေးကော်မရှင်များ၏ ဆောင်ရွက်နေမှုအပေါ် ကွင်းဆင်း ကြီးကြပ်ခဲ့ကြသည်။
နောင်ချိုမြို့နယ်၌ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၅)အုပ်စုတွင် မဲရုံပေါင်း(၈၂)ရုံ ရှိရာ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၄၄၅၃) ဦးရှိကြောင်း၊ ဒုတိယအကြိမ်မဲစာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့ အထိ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းတွင် မိမိတို့အမည်မပါရှိခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ ခြင်း၊ အချက်အလက်များမှားယွင်းနေခြင်းများရှိပါက မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာစဉ်အတွင်း ပြန်လည်ဖြည့်စွက် ပယ်ဖျက်ပြင်ဆင်ပေးရန် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို ပြန်/ဆက်