ကာမိုင်း ဧပြီ ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၄)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးလုံခြုံရေးဆိုင်ရာနှိုးဆော်ရာ၌ ကာမိုင်းမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအတွင်း နေထိုင်သော ပြည်သူများအနေဖြင့် ပူပြင်း ခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီး ဖြစ်သည့်အတွက် မည်သူမဆိုလမ်းသွားနေစဉ်သော်လည်းကောင်း၊ ယာဉ်များစီးနှင်းလိုက်ပါ နေစဉ်သော်လည်းကောင်း၊ ဆေးလိပ်ဆေးတံများ သောက်သုံးခြင်းမပြုကြရန်၊ နေအိမ်အတွင်း တောင့်တင်းခိုင်မာသောမီးချိတ်၊ မီးကဒ်၊ လှေကား၊ သဲ၊ ရေများနှင့်လိုအပ်ပါက မီးသတ်ဆေးဘူးများ ဆောင်ထားကြရန်၊ နေအိမ်ခြံ၀င်းအတွင်း မီးလောင်လွယ်သော အမှိုက်သရိုက်များ၊ လောင်စာဆီပစ္စည်းများစုပုံထားခြင်း၊ သိုလှောင်ထားခြင်းမပြုလုပ်ကြရန်၊ စက်ရုံ၊ အလုပ်ရုံများ၊ အိမ်တွင်းမှုလုပ်ငန်းများ၊ ဈေးဆိုင်များ၊ တည်ခိုးခန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များသည် မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိရန်စသည့် အချက်(၁၆)ချက်ကို မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများ၊ နန့်စီးအင်ကျေးရွာအုပ်စု ထွယ်ဆန်ယန်ရပ်ကွက်၊ ကောင်ရာကျေးရွာများသို့ သွားရောက်လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
လဆိုင်း(ပြန်/ဆက်)