မိုးညှင်းခရိုင်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၉)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ်တွင် (၁၀)ကြိမ်ဖွင့်လှစ်သွားမည်

မိုးညှင်း ဧပြီ ၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၉)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ်တွင် (၁၀)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဤဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် သွင်းကုန်အစားထိုး တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပမှဝယ်ယူရသော စားသောက်ကုန်များ တင်သွင်းမှု လျော့နည်းလာခြင်း၊ ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရရှိခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များ ပေါ်ထွက်လာစေရန်နှင့် သင်တန်းတက်ရောက်ပြီးသည့် သင်တန်းသား၊ သင်တန်းသူများမှ အစားအသောက်ဆိုင်ရာ ဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်သွားနိုင်မည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်က ပြောသည်။

မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးကို ၂၀၂၂ခုနှစ် မတ်လ(၂)ရက်တွင် ဖွင့်လှစ်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၅)ကြိမ်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၄)ကြိမ် စုစုပေါင်း (၉)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၃)ကြိမ်၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၃)ကြိမ်၊ ဝါးအခြေခံသည့် လက်မှုထည်သင်တန်း (၂)ကြိမ်နှင့် ဆိုင်ကယ်ပြုပြင်သင်တန်း (၂)ကြိမ် စုစုပေါင်း သင်တန်း(၁၀)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးညှင်းဒေသသည် စိုက်ပျိုးရေးကိုသာ အဓိကအားထားပြီး လုပ်ကိုင်ကြသောဒေသဖြစ်သဖြင့် လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်ထုတ်လုပ်မှုနည်းပညာများ နည်းပါးသည့်အတွက် ပြည်ပနိုင်ငံများမှ တစ်ဖက်သတ် စီးဆင်းဝင်ရောက်မှုမရှိစေရန် WHO စံနှုန်းများနှင့်အညီ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်လုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများမှ အများဆုံးတောင်းဆိုလေ့ရှိပြီး ဒေသနှင့်လိုက်လျော ညီထွေမှုရှိသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကာလတိုသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရွှေမိုးညှင်း