မံစီ အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်၍ မံစီမြို့မရဲစခန်း၌ သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိနေကြောင်း သိရသည်။
သင်တန်းတွင် ဒုရဲအုပ်ဖြိုးဝင်းကို ဦးဆောင်သည့် သင်တန်းနည်းပြအဖွဲ့ဝင်(၅)ဦးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲဖွင့်လှစ်ခြင်း နှင့်ပတ်သက်၍ သင်ခန်းစာများပို့ချရာတွင် မဲရုံနှင့်ပတ်သက်ပြီး အထူးရဲများ လိုက်နာရမည့် စည်းကမ်းချက်များ၊ တာဝန်ဝတ္တရားများ၊ သိရှိထားရမည့် ဥပဒေဘာသာရပ် အကြောင်းအရာများအား ပြောကြားခဲ့သည်။
ထို့နောက်သင်တန်း စတင်ဖွင့်လှစ်ခဲ့ကာ မံစီမြို့နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈)အုပ်စုနှင့် ကျေးရွာခွဲများတွင် မဲရုံ(၃၉)ရုံထားရှိ သွားမည်ဖြစ်ပြီး အထူးရဲစုစုပေါင်း ၃၀ ဦးအား ရွေးကောက်ပွဲ ကာလအတွင်း အခြားအဖွဲ့များနှင့်အတူ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ သင်တန်းဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မံစီမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင်ဦးရေ (၄၀၇၉၆)ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ရိန်(ပြန်/ဆက်)