မအူပင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်(ဒုတိယအကြိမ်) မဲဆန္ဒရှင်စာရင်းကြေညာ

မအူပင်  အောက်တိုဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းအတွက် ဒုတိယအကြိမ် နောက်ဆုံးမဲဆန္ဒရှင်စာရင်း များကို အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး မအူပင်မြို့နယ် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၆ အုပ်စု၊ စုစုပေါင်း ၈၈ အုပ်စုတွင် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များက ကြေငြာကပ်ထားကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မဲရုံပေါင်း ၃၁၁ ရုံ သတ်မှတ်ထားရှိပြီး မဲဆန္ဒပေးပျုင်ခွင့်ရှိသူ (၂၄၀၀၀၀)ကျော်ရှိကြောင်း သိရသည်။ အဆိုပါမဲစာရင်းများကို ကပ်ထားကြော်ငြာထားစဉ် မိမိတို့အမည်များ မဲစာရင်းပါဝင်မှုမရှိခြင်း၊ မှားယွင်းနေခြင်းရှိပါက မဲစာရင်းအား အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ကြေငြာထားမည်ဖြစ်သဖြင့် ပြန်လည်ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လျောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

ဒုတိယအကြိမ်ကြေငြာသော မဲဆန္ဒရှင်စာရင်း ပါဝင်သော မိသားစု Code နံပါတ်များသည် အတည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်း အတိုးအလျော့ရှိလာပါက Code နံပါတ်များ ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်သန်းမြင့်ထံမှ သိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)