တနိုင်း ဧပြီ ၅
ကချင်ပြည်နယ်၊ တနိုင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ် (Grammar)နှင့် မြန်မာစာ စာစီစာကုံး ရေးသားနည်း သင်တန်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက တနိုင်းမြို့ (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် အခြေခံ အင်္ဂလိပ် (Grammar)နှင့် မြန်မာစာ စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာစာ စာစီစာကုံးရေးသားနည်းကို တနိုင်းမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် သင်တန်းနည်းပြဆရာ ဦးကောင်းဇင်သော်က မွန်းတည့် (၁၂) နာရီမှ (၁)နာရီထိလည်းကောင်း၊ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းကို အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးသက်နိုင်ထွန်းက ညနေ (၃) နာရီမှ (၄) နာရီထိ လည်းကောင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ တနိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးတို့အား ဧပြီလ ၄ ရက်နေ့မှ မေလ ၂၃ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)