လေးမျက်နှာ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေး ကောက်ပွဲဆိုင်ရာ အထူးရဲ သင်တန်းများဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သံသရာ ငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီးဝန်းအတွင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးအပြည့်အဝပေးနိုင်ရန် သင်ကြားပို့ချမည့် ရွေးကောက် ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
လေးမျက်နှာမြို့နယ် မဲရုံလုံခြုံရေးအထူးရဲသင်တန်းကို မြို့နယ်အတွင်း(၃)နေရာခွဲ၍ ကျင်းပရာ သံသရာငြိမ်းအေး စတုမုခဇေယျသိဒ္ဓိစေတီတော်မြတ်ကြီး ဝန်းအတွင်းတွင်(၆၂)ဦး၊ အိုင်သပြုကွင်း မဘုန်းတော်ကြီးကျောင်းတွင်(၇၉ဦး၊ သဲနုကုန်းအုပ်စု ၊ကြားကိုက်ကွင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်(၄၇)ဦးတို့ကို ၁-၁၀-၂၀၂၀ မှ ၂၈-၁၀-၂၀၂၀ နေ့ထိပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။
ကျော်ဟိန်း(လေးမျက်နှာ)