မလှိုင် ဖေဖေါ်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ တရားမဝင်ရောင်းချနေသည့် စက်သုံးဆီဆိုင်များကို တိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ ဌာနခွဲမှူး ဒေါ်ခင်မာကြည်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး ပိတ်သိမ်းသွားရန် ပထမအကြိမ် တရားဝင်အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် မုံပင်လေးကျေးရွာ၊ ကုန်းတဲ၊ ကျင်းသာ၊ လိပ်ခွဲ၊ ထန်းပင်ကန်နှင့် သိမ်ကုန်းကျေးရွာများတွင် တရားမဝင်ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်(၁၄) ဆိုင်ကို ကွင်းဆင်းစစ်ဆေးပြီး ပိတ်သိမ်းသွားရန် အသိပေးပြောကြားခဲ့သည်။
ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် သတ္ထုတွင်းဦးစီးဌာန၏ သိုလှောင်ခွင့်လိုင်စင်နှင့် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၏ ဖြန်ဖြူးရောင်းချခွင့် လိုင်စင်များရယူပြီးမှသာ စက်သုံးဆီများအား တရားဝင်ဖြန်ဖြူးရောင်းချသွားရန်နှင့် လိုင်စင်ရယူခြင်းမရှိပဲ ရောင်းချသွားပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပထမအကြိမ် တရားဝင် အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အောင်ဌေး (မလှိုင်)