ရေကြည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာ

ရေကြည်   အောက်တိုဘာ   ၂

ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့ နံနက် ပိုင်းကစတင်၍ အောက်တိုဘာ(၁၄)ရက်နေ့ထိ ကပ်ထားကြေညာ ထားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မဲစာရင်းတွင် မိမိ၏အမည်စာရင်းများ ပါ/မပါ၊ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည် ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ ဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါကပုံစံ(၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက် မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စီစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအသီးသီးတွင် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်နိုင်ရန် နှိုးဆော် ထားရှိ‌ကြောင်း၊ ရေကြည်မြို့ နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ(၁၅၃၈၁၉)ရှိပြီး မဲရုံပေါင်း (၁၁၉) ရုံလျာထားကြောင်း ရေကြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှသိရသည်။

အောင်သူဟန် (ပြန်/ဆက်)