မင်းတပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

မင်းတပ်  အောက်တိုဘာ ၂

မင်းတပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ(၃၀၆၂၇)ဦး၏ အမည်စာရင်းများ ကပ်ထားကြေညာလျှက် ရှိကြောင်းသိရသည်။

မင်းတပ်မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့အဝင်များအနေဖြင့် ပြည်သူများ၏ မဲပေးပိုင်ခွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် အိမ်ထောင်စုအလိုက် Code နံပါတ်ကပ်၍ မဲစာရင်း ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ (၁)ရက်နေ့မှစ၍ ကပ်ထားကြေညာလျှက်ရှိရာ ယနေ့ချိန်အထိ ပုံစံ(၃)၊ ပုံစံ(၃) (က)ဖြင့် လာရောက်လျှောက်ထားသူ (၂၀)ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။

မင်းတပ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၁၁၆)ရုံ ဖွင့်လှစ်ကျင်းပမည်ဖြစ်ပြီး မဲရုံလုံခြုံရေးအတွက် ဒေသခံအထူးရဲများအား ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)