မြစ်ကြီးနား အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းများ ကို အောက်တိုဘာ (၁)ရက်တွင် စတင်ကပ်ထားကြေညာပြီဖြစ်ရာ ကချင်ပြည်နယ်အတွင်း မဲဆန္ဒရှင်ဦးရေသည် ပထမအကြိမ်မဲစာရင်းထက် (၁၀၀၀၀)ကျော်တိုး လာခဲ့သဖြင့် မဲဆန္ဒရှင်(၁၁)သိန်းနီးပါးရှိလာပြီး မဲရုံပေါင်း ၉၀၀ ကျော်ဖြင့် လျာထားဆောင်ရွက် လျက်ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲရုံးမှ သိရှိရသည်။
ကချင်ပြည်နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို မဲဆန္ဒရှင်ဦးရေ ၁၀၈၅၀၈၁ ဦးဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး မဲရုံအရေအတွက် ၈၉၀ ဖြင့်လျာထားဆောင်ရွက်ခဲ့သော်လည်း ဒုတိယအကြိမ် မဲစာရင်းအတွက် ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းတွေ စိစစ်ပြီးစီး သည့်အချိန်အထိ လူဦးရေ ၁၀၀၀၀ ကျော်တိုးလာခဲ့သဖြင့် မဲဆန္ဒရှင်ဦးရေ (၁၀၉၆၇၀၁)ဦးရှိလာသဖြင့် (၁၁)သိန်း နီးပါးရှိလာခဲ့ကြောင်းနှင့် မဲရုံအရေအတွက်ကိုတော့ လူဦးရေ ၃၀၀၀ အထက် မဲရုံများနှင့် အလှမ်းဝေးကွာသည့် မဲရုံများကို ခွဲထုတ်ပေးခြင်းဖြင့် ပြည်နယ်အတွင်း မဲရုံပေါင်း (၉၁၈)ရုံဖြင့် လျာ ထားဆောင်ရွက်ထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးထွန်းအောင်ခိုင်က ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွင် လူဦးရေ ၁၀၈၅၀၈၁ ဦးဖြင့် ဇူလိုင် ၂၅ မှ သြဂုတ် ၇ ရက်အထိ ထုတ်ပြန်ကြေညာခဲ့ရာ မဲဆန္ဒရှင်ဦးရေ (၃၈၆၃၄၄)ဖြင့် လာရောက်ကြည့်ရှု ခဲ့ကြပြီး ပုံစံ (၃)ဖြင့် တောင်းဆိုသူ (၃၂၅၈၉) ဦး၊ ပုံစံ (၄)ဖြင့် ပယ်ဖျက်သူ (၁၈၄၅၆)ဦး၊ ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်သူ (၂၂၀၀၆) ဦးရှိကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင် မည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများမှာ စာရင်းအရ ပြည်သူ့လွှတ်တော်တွင် (၁၁၉)ဦး၊ အမျိုးသား လွှတ်တော်အတွက် (၈၇) ဦး၊ ပြည်နယ်လွှတ်တော် (၂၄၅)ဦးတို့နှင့် ဗမာတိုင်းရင်းသား ကိုယ်စားလှယ် (၇)ဦး၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် (၈) ဦး၊ လီဆူတိုင်းရင်းသား ကိုယ်စားလှယ် (၈) ဦး၊ ရဝမ်တိုင်းရင်းသားကိုယ်စားလှယ် (၆) ဦးတို့ဖြင့် စုစုပေါင်း ၄၈၀ ဦးတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးမြင့်စိုး(ပြန်/ဆက်)