ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နွေရာသီအားကစားသင်တန်းဆင်းပွဲသို့ တက်ရောက်၊ မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ၂၀၂၃ ခုနှစ် မတ်လအတွင်းမှ ကျောင်းသား လူငယ်လူရွယ်များအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများပူးပေါင်း၍ အားကစားနည်း ၁၉ နည်းဖြင့်  ဖွင့်လှစ်ပေးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နွေရာသီအားကစား သင်တန်းဆင်းပွဲကို ဧပြီ ၇ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားစွာလေ့လာသင်ယူပြီးမိမိတို့ဝါသနာပါရာ အားကစားနည်းမှတစ်ဆင့် ပြည်နယ်လက်ရွေးစင်၊ နိုင်ငံ့လက်ရွေးစင်များ အားကစားသမားကောင်းများဖြစ်လာစေရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊  ထို့အပြင် လူငယ်လူရွယ်များအနေဖြင့် အနာဂတ်နိုင်ငံ့ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားကာ နွေရာသီအားကစားသင်တန်းများအတွက် ထောက်ပံ့ငွေ ကျပ် ၂၅ သိန်းကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ပြည်နယ် ဥပဒေချုပ်တို့က အားကစားနည်းအလိုက် နည်းပြများအား သင်တန်းနည်းအလိုက် သင်တန်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများက အားကစားနည်းအလိုက် သရုပ်ပြတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ ပြည်သူလူထုကျန်းမာဖို့ ခြေလှမ်း ၃၀၀၀ လမ်းလျှောက်ကြစို့အစီအစဉ်အဖြစ် ဘောလုံးကွင်းပြေးလမ်း၌ အတူတကွ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား မြို့တော်အင်္ဂါရပ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး သင်္ကြန်မဏ္ဍပ်များတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် ရထားသံလမ်းကူးနေရာမှ ဆမားလမ်းဆုံ(ကျောက်စိမ်းတုံး)မီးပွိုင့်အထိ လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်နိုင်ရေး ပုသိမ်ထီးများ၊ ပိတောက်ပန်းခက်များဖြင့် အလှဆင်ယင်ထားရှိမှု၊ လမ်းလျှောက်သင်္ကြန်တစ်လျှောက် လောင်းလှေများ၊ နံ့သာမဏ္ဍပ်နှင့်ဌာနဆိုင်ရာများ၏ စတုဒီသာမဏ္ဍပ်များ ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ (၁၇၀ ပေ × ၆၅ ပေ)ရှိ ဗဟိုမဏ္ဍပ် တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် ဗဟိုမဏ္ဍပ်၌ ရေ၊ မီးများ သွယ်တန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ဆွမ်ပရာဘွမ်လမ်းနှင့် ဆမားလမ်းဆုံ(ကျောက်စိမ်းတုံးမီးပွိုင့်)ထောင့်မှ ဆမားလမ်းတစ်လျှောက် ဒေသခံလုပ်ငန်းရှင်အစုအဖွဲ့များ၏ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ် (၆)ခုအား ပြင်ဆင်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်အမီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ပြီးစီးရေး၊ ရေကစားပွဲတော်ဖြစ်သည့်အတွက် ရေလုံလောက်မှုရှိစေရေး၊ ပြည်သူများ အေးချမ်းလုံခြုံပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် အလေးထားစီမံဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်