မြစ်ကြီးနား ဧပြီ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီက မြစ်ကြီးနားမြို့ Northen Star ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ဂေါက်သီးရိုက်အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဂေါက်သီးရိုက်ပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ဂေါက်သီးရိုက်အားကစားသမား (၂၀၀)ကျော်ပါဝင်သည့် ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် မီးခိုးဘောလုံးကို ရိုက်၍ စတင်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ သင်္ကြန်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါက်သီးရိုက်အားကစားသမားများ တက်ရောက်ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အထူးဆုရရှိသူများ၊ သက်ကြီးတန်း ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက အမျိုးသမီးတန်းပြိုင်ပွဲတွင် ဆုရရှိသည့် အမျိုးသမီးအားကစားသမားများအား လည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြိုင်ပွဲတွင် ကြေးအဆင့်ဆုရရှိသူများ အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပြိုင်ပွဲတွင် ငွေအဆင့်ရရှိသူများ အားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
တိုင်းမှူးက ပြိုင်ပွဲတွင် ရွှေအဆင့် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က အကျောမဲ့ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ် နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဧပြီ ၉ ရက် နံနက် (၉)နာရီက မြစ်ကြီးနားမြို့ ရမ်ပူ ရပ်ကွက် အတွင်း မြန်မာစိန်မော့ပညာရေးအုပ်စု၏ ကချင်ပြည်နယ်၊ မြစ်ကြီးနားကျောင်းခွဲ ကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက် ခဲ့ကြသည်။
ကျောင်းဆောင်သစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် စိန်မော့ပညာရေး မြစ်ကြီးနားကျောင်းခွဲ မတည်တည်ဆောက်ပေးသူ ဦးခင်မောင်ရင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိန်မော့ပညာရေး ကျောင်းဆိုင်းဘုတ် အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်ဦးက ကျောင်းဖွင့်လှစ်ရခြင်းနှင့် ကျေးဇူးတင် စကားပြောကြားပြီး ကျောင်းအဆောက်အဦသစ်အတွင်း အသက်(၄)နှစ်မှ အသက် (၁၄)နှစ်အတွင်း ကလေးငယ်များအား ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးအတွက် လေ့ကျင့်မှု(၆)ရပ်ဖြင့် ပေသီး စိတ်တွက် သင်္ချာသင်တန်းဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများနှင့် သင်ထောက်ကူပစ္စည်းများနှင့် စာသင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင်ပါဝင်ကြသည့် အကအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)