ဆွမ်ပရာဘွမ် အောက်တိုဘာ ၂
၂၀၂၀ပြည့်နှစ်၊ နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဆွမ်ပရာဘွမ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအမည် စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့မှ (၁၄) ရက်နေ့ထိ (၁၄) ရက်ကြာ ထပ်မံကပ်ထား ကြေညာထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထားကြေညာခြင်းကို ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ထိ ပထမအကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ယခုတွင်နောက်ဆုံအကြိမ်အဖြစ် (၁၄)ရက်ကြာ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် အနေဖြင့် ပထမအကြိမ် မဲဆန္ဒရှင်အမည် စာရင်းကပ်ထားကြေညာရာတွင် ကျား (၉၅၁) ဦး၊ မ(၉၅၂)ဦး၊ စုစုပေါင်း(၁၉၀၃) ဦးအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း ဆောင်ရွက်ခဲ့ပြီး ယခု နောက်ဆုံး အကြိမ် မဲဆန္ဒရှင် အမည်စာရင်း ကပ်ထားကြေညာရာတွင် မဲပေးပိုင်ခွင့်ရှိသူ ကျား(၉၄၀)ဦး၊ မ(၉၂၁) ဦး၊ စုစုပေါင်း (၁၈၆၁)ဦးရှိသည်။
မဲစာရင်းများကြေညာခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များနှင့်အတူ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံးထံမှ သိရသည်။
ကုဋေ(ဆွမ်ပရာဘွမ် ပြန်/ဆက်)