မြစ်ကြီးနား ဧပြီ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြစ်ကြီးနားမြို့၌ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၁၀ ရက် နံနက် ၉ နာရီခွဲက မြို့တော်ခန်းမ၌ မဟာသင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်မည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့များ၏ ဝတ်စုံပြည့်လေ့ကျင့်ကပြမှုကို ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော်ကာလညပိုင်းတွင် ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့ပေါ်ရပ်ကွက် ယိမ်းအဖွဲ့များဖြင့် ပြိုင်ပွဲဝင်ကပြဖျော်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲဝင်ကြမည့် ယိမ်းအဖွဲ့များအနေဖြင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့များ၏ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသား (ဆိုင်းဝိုင်း/ CD)(၂)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ယိမ်းအဖွဲ့များ၏ ဝတ်စုံပြည့်လေ့ကျင့်ကပြဖျော်ဖြေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အုပ်ချုပ် ရေးမှူးနှင့်ဇနီး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများက အားပေးကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယိမ်းအဖွဲ့များအနေဖြင့် မဟာသင်္ကြန်ပွဲတော်တွင် ဝင်ရောက်ကပြယှဉ်ပြိုင်ရခြင်းသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေကို ထိန်းသိမ်းခြင်းဖြစ်ပြီး မိမိတို့၏ စုပေါင်းအင်အား၊ စည်းလုံးမှုနှင့် ငြိမ်းချမ်းပျော်ရွှင်မှုကို သရုပ်ဖော်နေခြင်းဖြစ်သည်ဟု မှတ်ယူ၍ ယှဉ်ပြိုင်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားပြီး ဝတ်စုံပြည့်ကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များအား တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ် ၅ သိန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀ သိန်းနှင့် အလှူရှင်များကလည်း ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရိုးရာအစဉ်အလာမပျက် ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်တွင် ကျရောက်မည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာနှင့်အညီ ကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းဆပ်ကော်မတီအသီးသီးအနေဖြင့် လုပ်ငန်းတာဝန်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင်မိမိတို့အနေဖြင့် မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များနှင့်မတူ ပိုမိုစည်ကားသိုက်မြိုက်စွာဖြင့် အများပြည်သူအေးချမ်းလုံခြုံစွာ ဆင်နွှဲနိုင်ရေးကို အလေးထားစီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာဓလေ့ထုံးစံနှင့်အညီ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသည့် နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများကိုလည်း အောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ၊ ဇီဝိတ ဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲအခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက မဟာသင်္ကြန်ပွဲတော်အား မြစ်ကြီးနားမြို့အပါအဝင် ခရိုင်၊ မြို့နယ်များတွင် ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ တွင် ၁၇၀ ပေ × ၆၅ ပေရှိ ဗဟိုမဏ္ဍပ်တစ်ခုနှင့် ရေကစားမဏ္ဍပ် (၆)ခုအပါအဝင် ဆွမ်ပရာဘွမ်လမ်း၌ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော် တည်ဆောက်ရေးအစီအမံများအား ဧပြီ ၁၁ ရက်နေ့တွင် အပြီးသတ်တည်ဆောက်သွားမည့် အစီအစဉ်များ၊ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် နှစ်ဆန်းတစ်ရက်နေ့အခမ်းအနားများ ကျင်းပသွားမည့် အစီအစဉ်များ၊ စတုဒီသာကျွေးမွေးသွားမည့် အစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုသက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်သုံးသပ်ဆွေးနွေး တင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကော်မတီအလိုက် စီစဉ်ဆောင်ရွက်ထား ရှိမှုများအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်