ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၁၃၈၄ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဖွင့်လှစ်ပေး၊ ဒေသခံပြည်သူအများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

မြစ်ကြီးနား ဧပြီ ၁၄

မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံနှင့်တစ်ဝန်း ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယခုနှစ်  ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့(၁၃)ဖွဲ့နှင့် ဒေသခံပြည်သူများအများအပြား တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ယခုအချိန်စ၍ ဖွင့်လှစ်လိုက်ကြောင်းကြေညာရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက ဖွင့်ပွဲအဖြစ် “မြူမှောင်ဝေကင်း” တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေလျက်ရှိကြသည့် ယိမ်းအဖွဲ့များနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နံ့သာရည်ဖြင့် အတာရေကို လိုက်လံပက်ဖျန်းပေးခဲ့ကြသည်။

ယင်းနောက် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများဖျော်ဖြေတင်ဆက်မှု၊ နာမည်ကျော်တေးသံရှင်များ၊ ဒေသခံအဆိုတော်များ၏ ခေတ်ပေါ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုကို သီဆိုဖျော်ဖြေမှုများကို ဒေသခံပြည်သူများနှင့်အတူ အားပေးကြည့်ရှုခဲ့ကြသည်။

ထို့အပြင် အဆိုပါ ဗဟိုမဏ္ဍပ်နှင့်အတူ ဆမားလမ်းပေါ်ရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ ရေကစားမဏ္ဍပ်များတွင်လည်း ခေတ်ပေါ်တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိပြီး ရေကစားလည်ပတ်လျက်ရှိသည့် ဒေသခံပြည်သူများအား ဌာနဆိုင်ရာများကစုပေါင်း၍ စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိရာ အေးချမ်းစည်ကားစွာ ကျင်းပလျက်ရှိသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်ရဲအကူတပ်ဖွဲ့ဝင်းအတွင်းရှိ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မဏ္ဍပ်ဖွင့်ပွဲ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ရဲတပ်ဖွဲ့ ရေကစားမဏ္ဍပ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအဖွဲ့များ၏ စုပေါင်းကပြဖျော်ဖြေမှုကို အတာရေဖြင့် လိုက်လံပက်ဖြန်းပေးခဲ့ကြပြီးခေတ်ပေါ်တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ချီးမြှင့်ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်