ချီဖွေမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား စည်းကာသိုက်မြိုက်စွာ ကျင်းပ

ချီဖွေ ဧပြီ ၁၄

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက ရစ်လော်ရပ်ကွက်၊ ဆော့လော်၊ ပန်ဝါလမ်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်နှင့်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးချစ်စမ်းအောင်နှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးရာ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ယိမ်းအလှကပြဖျော်ဖြေကြသည်။

 ယင်းနောက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယိမ်းအကအဖွဲ့များနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ပျော်ရွှင်စွာအတာရေပက်ဖျန်း၍ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ မြို့နယ်ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတသီဆိုဖျော်ဖြေမှုများ၊ စတုဒိသာမုန့်များ နေ့စဉ်ကျွေးမွေးလှူဒါန်းဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဂွာဇာ(မြို့နယ်ပြန်/ဆက်)