ဗန်းမော် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၉)ရက်နေ့တွင် ကျရောက်သော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကြိုနေ့)တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဗန်းမော်မြို့(၂) မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီး၌ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါဖွင့်ပွဲတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က မဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူးအကြို နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက ဗန်းမော်ခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး "သင်္ကြန်မိုး"သီချင်းဖြင့် ယိမ်းအကအဖွဲ့များက အကအလှများဖြင့် စတင်ဖျော်ဖြေကြရာတာဝန်ရှိသူများက နံ့သာရည်များဖြင့်ပက်ဖျန်းပြီး တက်ရောက်လာသူများနှင့်အတူ ပျော်ရွှင်စွာရေကစားခြင်း၊ တေးသီချင်းများအပြင် DJ အတီးအကအလှများဖြင့် ညနေ(၆)နာရီအထိ ကပြဖျော်ဖြေခဲ့ကြသည်။
ဗန်းမော်ခရိုင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံမှသိရပါသည်။
ခရိုင်(ပြန်/ဆက်)