မချမ်းဘော့ ဧပြီ ၁၅
သင်္ကြန်ကာလဓမ္မဒူတခရီးစဥ်အဖြစ် ကြွရောက်တော်မူလာသော မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့မူလာရှီးဒီး ကြိုးတံတားအနီး ယာယီသီတင်းသုံးမည့် မလိခလော့ဟိုတယ်သို့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၆:၃၀ နာရီတွင် ရောက်ရှိကြွရောက်တော်မူခဲ့ပြီး ည ၈:၃၀ နာရီတွင် မချမ်းဘော့မြို့ရှိ ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့ ကြွရောက်ဖူးမျှော်ကြည်ညိုပြီးနောက် ည ၉:၃၀ နာရီတွင် ကောင်းမှုလုံစေတီတော်မြတ်ကြီး ရင်ပြင်ရှိ တရားဟောကျောင်းဆောင်တွင် တရားဒေသနာတော်များကို ည ၁၁:၃၀ နာရီထိ ဟောကြားတော်မူခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ယမန်နေ့နံနက် ၁၁ နာရီတွင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒဉာဏသံဝရမိုင်းဖုန်းဆရာတော်ဘုရားကြီးမှ အဆိုပါကောင်းမှုလုံစေတီတော်မြတ်ကြီးရင်ပြင် တရားဟောကျောင်းဆောင်တွင် တရားဒေသနာတော်များကို ထပ်မံဟောကြားတော်မူခဲ့ပြီး ရပ်နီးရပ်ဝေးနှင့် ပူတာအိုဒေသရှိ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာလူပုဂ္ဂိုလ် စုစုပေါင်း ၃၀၀၀ ဦး လာရောက်ဖူးမျှော်ကြရာ ရဟန်းရှင်လူဧည့်ပရိတ်သတ်များအား အလှူရှင်များစုပေါင်းကာ ထမင်းဟင်းစတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)