မိုင်းပျဉ်း ဇန်နဝါရီ ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အောက်ဈေးတန်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မိခင်နှင့်ကလေး မူလတန်းကြို ကျောင်းတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာဝန်ခံဆရာမကြီးက မြန်မာတစ်မျိုးသားလုံး၏ လွတ်လပ်ရေးအောင်ပွဲနေ့ကို မူကြိုကလေးငယ်များ အစဉ်အမြဲသတိရစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီး အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် အခြားကစားနည်းများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် မူကြိုကလေးငယ် (၄၅) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များကို တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။
မေမွန်ထွဋ်