ဗန်းမော် ဧပြီ ၁၈
ကချင်ပြည်နယ်ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲကို ယမန်နေ့ နံနက် (၈) နာရီက ဗန်းမော်မြို့၊ မြို့မ ရပ်ကွက်ရှိ ရှပ်ပြေးဆိပ်၊ ဧရာဝတီမြစ်ကမ်းဘေး၌ ငါးသားပေါက်ကောင်ရေ (၃) သိန်းကို ဧရာဝတီမြစ်အတွင်းသို့ ဇီဝိတဒါနငါးလွှတ်ထည့်ခဲ့ကြောင်း သိရသည်။
ထိုသို့ဇီဝိတဒါန ငါးလွှတ်ရာတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက် ကြပြီး ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ (၂) သိန်းနှင့် ငါးခုံးမ သားပေါက်ကောင်ရေ (၁) သိန်း စုစုပေါင်း (၃) သိန်းကို ဧရာဝတီမြစ်အတွင်းသို့ တပျော်တပါးစုပေါင်းကုသိုလ်ယူ ဇီဝိတဒါနငါးလွှတ်ထည့် ခဲ့ကြပါသည်။
ဆက်လက်၍ဧရာဝတီမြစ်အတွင်းသို့ ဇီဝိတဒါန ငါးလွှတ်ထည့်ပွဲ တက်ရောက်သူအားလုံးသည် ဗန်းမော်မြို့ပေါက်ကုန်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ သို့တက်ရောက်၍ သက်ကြီးဘိုးဘွား (၂၅) ဦးအား ပူဇော်ကန်တော့ပြီး၊ အလှူငွေနှင့်ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းကြကာ အဘိုးတစ်ဦးက ကန်တော့ရသောအကျိုးအား ဆုတောင်းပဌနာပြုပေးပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။
ခရိုင် (ပြန်/ဆက်)