မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူ(၁၈)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

မိုးညှင်း ဧပြီ ၁၈        

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်း ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ(၁၈)ဦးအား  ယမန်နေ့ နံနက် (၁၀)နာရီခွဲ တွင် မိုးညှင်းဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့် အမိန့်အမှတ် (၂၈/၂၀၂၃) အရ ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်၊ အဖွဲ့ဝင် ခရိုင် လ.ဝ.ကမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးနှင့် မိုးညှင်းဗဟိုအကျဉ်းထောင်တာဝန်ခံ ဦးသန့်ဇင်ဝင်းနှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးသည့် ရည်ရွယ်ချက်များနှင့် မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပြီး အေးချမ်းစွာ ဆက်လက်နေထိုင်ကြ စေရေးတို့ကို ဆုံးမဩဝါဒစကား အသီးသီးပြောကြားခဲ့သည်။

ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အကျဉ်းသား(၁၇)ဦးနှင့် အကျဉ်းသူ(၁)ဦး စုစုပေါင်း (၁၈)ဦးအား ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ ခံဝန်လက်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့် လက်မှတ်ပေးအပ်ခြင်း၊ မိုးညှင်းဗဟိုအကျဉ်းထောင်မှ ခရီးစရိတ်၊ စားစရိတ်များ ပေးအပ်ခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀) နှုန်းစီဖြင့် တာဝန်ရှိသူ များက အသီးသီးထောက်ပံ့ပေးအပ်ပြီးနောက် မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ရွှေမိုးညှင်း