တနိုင်း ဧပြီ ၁၈
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ဧပြီလ ၁၇ ရက် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းက ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော ဇီဝိတဒါနငါးလွှတ်ပွဲ နှင့် အသက် ၈၀ နှစ်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ နံနက် (၇) နာရီက ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သော ဇီဝိတဒါန ငါးလွှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တနိုင်းချောင်းအတွင်းသို့ ငါးမြစ်ချင်း (၂၅၀၀)နှင့် ငါးကြင်းရွှေဝါ (၂၅၀၀) ငါးသားပေါက်ကောင်ရေစုစုပေါင်း (၅၀၀၀) ကို တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဇီဝိတဒါနလွှတ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အသက် ၈၀ နှစ်အထက်သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားကို မွန်းလွဲ (၁) နာရီက ပုန်ခုန်းရပ်ကွက်ရှိ ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ သက်ကြီးဘိုးဘွားများအား သြကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်း၊ ပူဇော်ကန်တော့ပွဲ တက်ရောက်လာကြသော သက်ကြီးဘိုးဘွားများအား ကန်တော့ခံပစ္စည်းများဖြင့် ပေးအပ်လှူဒါန်းရာ ဘိုးဘွားတစ်ဦးမှ ဆုပေးစကားပြောကြားခဲ့သည်။
အသက် ၈၀ နှစ်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲသို့ တက်ရောက်လာကြသော အသက် ၈၀ နှစ်အထက် သက်ကြီးဘိုးဘွားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမိုးဇော်လင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လာရောက်ပူဇော်ကန်တော့ကြောင်းသိရသည်။
ပန်းအိ (တနိုင်း)