(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ရိုးရာဖိတ်ခေါ်လှေလှော်ပြိုင်ပွဲ ရေဖြူမြို့၌ ကျင်းပ

ရေဖြူ ဇန်နဝါရီ ၂

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ရိုးရာဖိတ်ခေါ်လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမနေ့ပြိုင်ပွဲကို တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ကမ်းနားလမ်း၌ ထားဝယ်မြစ်အတွင်း ယနေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အဖွင့်အမှာစကား ပြောကြားပြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် လှေပြိုင်ပွဲကျင်းပရေး ကော်မတီဉက္ကဋ္ဌ ဦးထွန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲပထမနေ့တွင် အမျိုးသား(၇)တက်အသင်း၊ အမျိုးသား(၉)တက်အသင်း၊ အမျိုးသား(၁၁)တက်အသင်း၊ အမျိုးသမီး(၇)တက်အသင်းနှင့် အသက်(၂၅)နှစ်အောက် အမျိုးသား အသင်းများ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကို ဇန်နဝါရီလ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူဖြူရှိန်(မြို့နယ်- ပြန်/ဆက်))