ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ကံပိုင်တည်မြို့အမည် ကြိုဆိုဂုဏ်ပြုပွဲနှင့် ကျောက်သား ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး

ကန်ပိုင်တည် ဧပြီ ၂၁

ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မြို့တစ်ခုဖြစ်သည့် ကံပိုင်တည်မြို့ကို မြို့အမည် ကြိုဆိုဂုဏ်ပြုပွဲနှင့် ကျောက်သားဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၀ ရက် နံနက် ၉ နာရီက ကံပိုင်တည်မြို့ အမှတ် (၂)ရပ်ကွက် တိုက်နယ်ဆေးရုံရှေ့ရှိ မြို့အဝင်ကျောက်သားဆိုင်းဘုတ် သစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကံပိုင်တည်မြို့ ကျောက်သားဆိုင်းဘုတ်သစ်ကို သိက္ခာတောရ ဆရာခရမ်ဇော်အောင် ဆုတောင်းဆက်ကပ်ပေးပြီး ကချင်အထူးဒေသ(၁)ဒုတိယဥက္ကဋ္ဌ ဦးဝေါ့လော်ဟောင်းခေါင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်သူ့စစ်နာယက ဦးဇခုန်ယိမ်းဆောင်၊ ပြည်သူ့စစ်ညွှန်ကြားရေးမှူး ဦးလဂွေဘောမ်လန်း၊ ခမရ(၃၈၉)တပ်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှမိုး၊ အမှတ်(၁၀၀၃)နယ်ခြားစောင့်တပ်ရင်းမှူး၊ ဗိုလ်မှူးကျော်ဂန်းဇုန်းခေါတို့က ကျောက်သားဆိုင်း ဘုတ်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိမ်းက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ကံပိုင်တည်မြို့အမည်ကြိုဆိုဂုဏ်ပြုပွဲအခမ်းနားကို အမှတ်(၂)ရပ်ကွက် အားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ကံပိုင်တည်မြို့အမည် ပြောင်းလဲ ခေါ်ဝေါ်ခြင်းနှင့် မြို့သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးက ကံပိုင်တည်မြို့ သည် မြန်မာ-တရုတ်နယ်စပ်မြို့တစ်ခုဖြစ်သည်နှင့်အညီ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် မြို့တစ်ခုဖြစ်သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုလိုမြို့အမည်ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်မှု အပေါ် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားကာ ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အလှူငွေကျပ် ၁၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဒေသခံဦးမဂျီရှောင်တို့က ကျေးဇူး တင်စကားပြောကြားခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက် )