မချမ်းဘောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်မွေးမြူထားသောဝက်များအား ဝက်ဝမ်းကျရောဂါကာကွယ်ဆေးထိုးနှံခြင်း တတိယအကြိမ်ကွင်းဆင်းဆောင်ရွက်

မချမ်းဘော ဧပြီလ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် မန်နိုကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်မွေးမြူထားသောက်များအား ဝက်ဝမ်းကျရောဂါကာကွယ်ဆေးထိုးနှံခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီက ဝက်မွေးမြူရေးခြံများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝက်ဝမ်းကျရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇာမဲဒီးဆားရ်က နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးဆောင်ရွက်လျက်ရှိသော မွေးမြူရေးတောင်သူ ၅ ဦး၏ဝက်ကောင်ရေ ၁၅ကောင်အား မွေးမြူရေးခြံများအရောက် ကွင်းဆင်းထိုးနှံပေးခဲ့သည်။

မချမ်းဘော့မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပထမအကြိမ်ဝက်ဝမ်းကျရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီလ၂၄ရက်နေ့တွင် နမ်ခမ်ကျေးရွာရှိဝက်ကောင်ရေ ၅၈ကောင်ကိုလည်းကောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဧပြီလ ၁၈ ရက်နေ့တွင် မြို့ပေါ်အမှတ် (၃) အမှတ် (၄) ရပ်ကွက်ရှိ ဝက်ကောင်ရေ ၆၇ ကောင်ကိုလည်းကောင်း ယခုတတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို မန်နိုကျေးရွာရှိဝက်ကောင်ရေ ၁၅ကောင်ကိုလည်းကောင်း စုစုပေါင်းဝက်ကောင်ရေ ၁၄၀ ကောင်အား ဝက်ဝမ်းကျရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)