မြစ်ကြီးနား ဧပြီ ၂၄
ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ခရိုင်နှင့်မြို့နယ်စာရင်းစစ်ရုံးများမှ စာရင်းစစ်မှူး၊ ဒုတိယ စာရင်းစစ်မှူးများနှင့် လက်ထောက်စာရင်းစစ်မှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံ သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ယခုသင်တန်းကို တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊ ခရိုင်နှင့်မြို့နယ်စာရင်းစစ်ရုံးများ အလိုက် စာရင်းစစ်ချုပ်ရုံးများလိုက်နာရမည့် နိုင်ငံတကာစံ (SSAI Based Audit ) ဘာသာရပ်များ သင်တန်းတက်ရောက်ရန် ကျန်ရှိနေသည့် စာရင်းစစ်မှူး၊ ဒုတိယစာရင်းစစ်မှူး၊ လက်ထောက် စာရင်းစစ်မှူးများကိုစုစည်း၍ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း တက်ရောက်ပြီးသည့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိများက ကထိကများအဖြစ် ဆင့်ပွားပို့ချပေးနိုင်ရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းပို့ချမှုများအပြင် ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် စစ်ဆေးခြင်းဆိုင်ရာ ပညာရပ်များကိုနားလည်တတ် မြောက်စေရန်၊ လေ့လာဆည်းပူးရန် လိုအပ်ပါကြောင်း၊ သင်တန်းတွင်လည်း ကထိကများ၏ပို့ချ ချက်များအား အလေးထားသင်ယူကြိုးစားကြရန် လိုပါကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများမှ စာရင်းစစ်မှူး (၁၆) ဦး၊ ဒုတိယစာရင်းစစ်မှူး (၆၀) ဦး၊ လက်ထောက်စာရင်းစစ်မှူး (၁၃) ဦး၊ စုစုပေါင်း (၈၉) ဦးတို့ကို ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်းခန်းမ၊ မိုးညှင်းခရိုင်စာရင်းစစ်ရုံး သင်တန်းခန်းမ၊ ဗန်းမော်ခရိုင်စာရင်းစစ်ရုံးသင်တန်းခန်းမ၊ ပူတာအိုခရိုင်စာရင်းစစ်ရုံးသင်တန်းခန်းမတို့၌ တစ်ပြိုင်တည်း ဧပြီလ ၂၄ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ဘာသာရပ် ၆ ခုဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)