ကျောင်းကုန်း ဇန်နဝါရီ ၂
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁ဝနာရီခွဲ အချိန် က ကျင်းပခဲ့သည်။
ရှေးဦးစွာ စံပြမိခင်နှင့် ကလေးပြိုင်ပွဲကို နံနက် ၈ နာရီအချိန်က စတင်ခဲ့ပြီး၊ ကလေး၏ တစ်ကိုယ်ရည် သန့်ရှင်းမှုနှင့် ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်း၊ အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ သတ်မှတ်သည့် လအတိုင်း ကာကွယ်ဆေးထိုးနှံပြီးစီးမှု စစ်ဆေးခြင်း ကျန်းမာရေးဗဟုသုတ မေးမြန်းခြင်းတို့ဖြင့် စစ်ဆေးကာ အမှတ်ပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနား ကျင်းပရာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သဲမာထွေး က ပြိုင်ပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင် က ဘဝရှေ့ဆောင် ရက် ၁၀၀၀ ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ မွေးဖွားပြီးချိန်မှ အသက်(၂)နှစ်အထိ အစာအာဟာရများ၊ ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသော အရာများကို ပြောကြားကာ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ပြိုင်ပွဲအမျိုးအစားများမှာ မွေးစမှခြောက်လ၊ ခြောက်လမှ (၁)နှစ်၊ (၁)နှစ်မှ (၂)နှစ်အထိ ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် စံပြမိခင်ဆုတို့ကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)