ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကြပ်မတ် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၅

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် ခရိုင်နှင့် မြို့နယ်များအလိုက် ကျေးရွာများတွင် ရန်ပုံငွေများ ထုတ်ချေးထားခဲ့ပြီးဖြစ်ရာ လုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်အောင်မြင်စေရေး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယမန်နေ့ညနေ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက်ခွဲဝေရရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံကို လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး ကျေးလက်နေပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းစစ်ဆေး၍ ထုတ်ချေးပေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းစီမံကိန်းတစ်ခုခြင်းအလိုက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းကဏ္ဍအလိုက် မိမိတို့ မတည်ထားသည့် ရန်ပုံငွေများ ပုံမှန်လည်ပတ်နိုင်မှသာ အားလုံးအတွက် အကျိုးရှိ ထိရောက်အောင်မြင်သော စီမံကိန်းလုပ်ငန်းများဖြစ်ပေါ် လာမည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေထုတ်ချေးထားသော လုပ်ငန်းများအား ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုရှိ/မရှိ ကွင် ဆင်းစစ်ဆေးခဲ့ခြင်းအပေါ် ဆွေးနွေးအကြံပြုချက်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်ပါ အချက်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကျေး ရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် စိစစ်ကြပ်မတ်ဆောင် ရွက်သွားမည့် လုပ်ငန်းများနှင့် ဖြည့်စွက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ခရိုင်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက ခရိုင်/မြို့နယ်များ အလိုက် ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပေါ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းကဏ္ဍအလိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဖြည့်စွက်သုံးသပ်ဆွေးနွေးတင်ပြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများ အောင်မြင်စေရေး စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို လိုအပ်သည့် ဈေးကွက်ရရှိလာစေရန် ဖော်ဆောင်ပေးရေး၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များအပေါ် အလေးထားလိုက်နာရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံကို  မြစ်ကြီးနားခရိုင်အတွင်း ငွေကျပ် ၂၇၀၅ သန်း၊ မိုးညှင်းခရိုင်အတွင်း ငွေကျပ် ၁၈၀၀ သန်း၊ ဗန်းမော်ခရိုင်အတွင်း ငွေကျပ် ၁၈၆၀ သန်း၊ ပူတာအိုခရိုင်အတွင်း ငွေကျပ် ၁၁၃၅ သန်း၊ တနိုင်းခရိုင်အတွင်း ငွေကျပ်သန်း ၃၀၀ နှင့် ချီဖွေခရိုင်အတွင်း ငွေကျပ်သန်း ၂၀၀ တို့ဖြင့် သက်ဆိုင်ရာ ခရိုင်များအလိုက် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သော ကျေးရွာပေါင်း ၉၇ ရွာ၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်သော ကျေးရွာပေါင်း ၂၅ ရွာ၊ ငါးလုပ်ငန်းဆောင်ရွက်သော ကျေးရွာပေါင်း ၇ ရွာ၊ သမဝါယမလုပ်ငန်းဆောင်ရွက်သော ကျေးရွာပေါင်း ၆၁ ရွာ စုစုပေါင်းကျေးရွာ ၁၉၀ တွင် လုပ်ငန်း စီမံကိန်းပေါင်း ၁၉၁ ခုဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်