ဗန်းမော် ဧပြီ ၂၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ကဏ္ဍများထဲမှ ဝါးပင်အကြောင်း သိကောင်းစရာအသိပညာပေး Talk Showကို ဧပြီ ၂၅ ရက် နံနက် ၁၀နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ဝါးပင်အကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ဝါးပင်စတင်ပေါက်ရောက်ပုံ အကြောင်းများ၊ ဝါးပင်များပေါက်ရောက်သည့် နေရာဒေသများ၊ ဝါးပင်၏အသုံးဝင်ပုံများ၊ ဝါးပင်မှ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုပုံများ၊ ဝါးမြစ်ဖွဲ့စည်းပုံအရမျိုးပြန့်ပွားခြင်း အမျိုးအစားများ၊ ဝါးပင်စိုက်ပျိုးသည့် စနစ်အမျိုးအစားများ၊ ဝါးပင်၏ ပွင့်ခြင်း၊ သီးခြင်းဖြစ်စဉ်များကို မေးမြန်းခဲ့ရာ ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းသီရိကျော်က ဝါးပင်နှင့် ပတ်သက်၍ ပြည်သူများဝါးပင်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အကျယ်တဝင့် ဆွေးနွေးဖြေကြားခဲ့သည်။
ဆက်လက်၍ ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ဝါးသည် ဓာတုပစ္စည်းသုံးစွဲရန်မလိုဘဲ သဘာဝရေ၊ မြေဖြင့် လျှင်မြန်စွာဖြစ်ထွန်းလွယ်ကြောင်း၊ ဝါးမှထွက်သည့် မျှစ်ကို စားသုံးခြင်းဖြင့် အစားအသောက်ဘေးကင်းလုံခြုံမှုရရှိစေနိုင်ကြောင်း၊ ပြည်သူများ မျှစ်ထုတ်လုပ်ခြင်းဖြင့်လည်း ဝင်ငွေကောင်းရရှိနိုင်ကြောင်း၊ ဝါးကို ပိုမိုစိုက်ပျိုးပါက ဝါးတောကြီးများဖြင့် စိမ်းလန်းစိုပြေပြီး သဘာဝပတ်ဝန်းကျင်ကို အထောက်အကူ ဖြစ်စေနိုင်ကြောင်းနှင့် ဝါးပင်များကို ပျိုးထောင်စိုက်ပျိုးခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် သက်ရှိလောက တည်မြဲရေး၊ ကမ္ဘာကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လူတိုင်းတွင် တာဝန်ရှိပါကြောင်း၊ ဝါးပင်များတိုးမြှင့်စိုက်ပျိုးခြင်းဖြင့် ဘက်စုံ သက်ရှိလောကတစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းပြီး အချိန်တိုအတွင်း သစ်တောပြန်လည် ဖြစ်ပေါ်နိုင်သည့်အတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်မည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။
ခရိုင်ပြန်/ဆက်