မြစ်ကြီးနား ဧပြီ ၂၇
ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမို လွယ်ကူထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ယမန်နေ့ ညနေ ၃ နာရီက တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ ပါတီအတွင်းမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များနှင့် ပြည်နယ် အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ ပါတီအတွင်းရေးမှူး Mr.Yang Jun ဦးဆောင်သော ထိန်ချုံးခရိုင်ပါတီအတွင်းရေးမှူး Mr. Ma Zixing၊ ပေါင်စန်းပြည်နယ်ခွဲ ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးဌာန၊ စီးပွားကုန်သွယ်ရေးဌာန၊ ပြည်ပဆက်ဆံရေးဌာနတို့မှ ဌာနမှူး များနှင့် ကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်နိမိတ်ထိစပ်မှုသည် အရှည်ဆုံးနယ်စပ်ထိစပ်မှု ဖြစ်ပါကြောင်း၊ ဒါ့အပြင် တရုတ်ပြည်တွင် မိမိတို့ ကချင်တိုင်းရင်းသားများ နေထိုင်လျက်ရှိပြီး ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲနှင့် မိမိတို့ ကချင်ပြည်နယ်သည် ဆွေမျိုးပေါက်ဖော်များပင် ဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့ ပြည်နယ်နှစ်ခု ဖွံ့ဖြိုးတိုးတက် ရေးအတွက် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တန်းတူရည်တူ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ဝိုင်းဝန်းပူးပေါင်း ကြိုးစားကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ ပါတီအတွင်းရေးမှူးက ယခုလို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုမှုကို ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကို အတူတကွ လက်တွဲပြီး အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည့် အတွေ့အကြုံကောင်းများ ရှိခဲ့ပါကြောင်း၊ ယခုလိုတွေ့ဆုံပြီး ဆွေးနွေးရခြင်းကို များစွာဂုဏ်ယူပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များနှင့် ပေါင်စန်းပြည်နယ်ခွဲ ပါတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များက ကံပိုင်တည်နယ်စပ်ဂိတ်မှ ကုန်စည် စီးဆင်းမှုများ လွယ်ကူမြန်ဆန်စေရေး ထိန်းချုံး-ကံပိုင်တည်-ဆဒုံး-ဝိုင်းမော်လမ်းပိုင်းအား အမြန်လမ်းဖြစ်မြောက်ရေး၊ ကံပိုင်တည် နယ်စပ်ဂိတ်အား အဆင့်မြှင့်တင်ပြီး နှစ်နိုင်ငံနယ်စပ်ဂိတ် တန်းတူညီတူ ကူးသန်းသွားလာနိုင်ရေး၊ တရုတ်နိုင်ငံမှ သွင်းကုန်စာရင်း တွင် မပါဝင်သေးသော မြန်မာ့ထွက်ကုန်ပစ္စည်းများအား သွင်းကုန်စာရင်းတွင် ထည့်သွင်းနိုင်ရေး၊ ပြည်နယ်အတွင်း ပေါင်စန်း ပြည်နယ်ခွဲမှ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးဇုန်များဖြစ် မြောက်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အသက်မွေးဝမ်းကြောင်း သင်ကြားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ မြန်မာ-တရုတ် လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် စိုက်ပျိုးရေးဇုန် ဆောင်ရွက်ရေး၊ တနိုင်း-ပန်ဆောင်-လီဒိုလမ်းဆက်လက်ဆောင်ရွက်နိုင်ရေး နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို အခြေခံ၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးမှုများအပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပါတီအတွင်းရေးမှူးတို့ အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်၍ ကိုယ်စား လှယ်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံကို ရိုက်ကူးခဲ့ ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်