မြစ်ကြီးနား ဧပြီ ၂၇
ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနပိုင် ယဉ်ကျေးမှု ပြတိုက်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ စုပေါင်း၍ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းအဖြစ် ယဉ်ကျေး မှုပြတိုက်ဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်း၊ ပြတိုက်အဆောက်အအုံအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြိးချုပ် ဧပြီ ၂၅ ရက် ညနေ ၃ နာရီခွဲက ပြည်သူ့အားကစားကွင်း၌ ကျင်းပ ပြုလုပ်သည့် ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် ၁၈ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင် ဘောလုံး အသင်းနည်းပြ၊ ကြီးကြပ်သူ များနှင့် ယနေ့ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လူ့စွမ်းအားအရင်း အမြစ်များ ဖြစ်သည့် လူငယ်/လူရွယ်များ ကျန်းမာရေးကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝစေရေး ပညာရေးနှင့် အားကစားကဏ္ဍကို ဟန်ချက်ညီညီ တိုးတက်လာစေရေးကို အလေးထားမြှင့်တင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အားကစားကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ပြည်နယ် ၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် တန်ဖိုးရှိသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ယခုလို လူငယ်များအတွက် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနိုင်ရေး ဆပ်ကော်မတီအသီးသီးအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များသည် ၇.၅.၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် ပြိုင်ပွဲဝင် မြို့နယ် (၁၁)မြို့နယ်မှ ဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြ နှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ ဘောလုံးများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသော ဘင်ခရာအဖွဲ့၊ အကအဖွဲ့များအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် အမျိုးသား မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ရွှေကူမြို့နယ်အသင်းနှင့် ဝိုင်းမော်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)