ပူတာအိုခရိုင်၌ အထွက်တိုး စပါးဆင်းဧကရီ-၃ စိုက်ပျိုးနည်းပညာသင်တန်းဖွင့်လှစ်ပို့ချ

ပူတာအို ဧပြီ ၂၇

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပူတာအိုခရိုင်ဒေသဝမ်း စာဖူလုံရေးအတွက် မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျ ရောစပ်သုံးစွဲခြင်းတို့ကို တောင်သူ အချင်းချင်း လက်ဆင့်ကမ်းမျှဝေနိုင်ရေး အကျိုးဆောင်တောင်သူ စိုက်ပျိုးရေး စေတနာ့ဝန်ထမ်းများအား အထွက်တိုးစပါး ဆင်းဧကရီ-၃ စိုက်ပျိုးနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ပူတာအိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက ဒေသဝမ်းစာ ဖူလုံရေးအတွက် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်း ပြောကြားကာ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးရှိန်က ဒေသဝမ်းစာဖူလုံရေးအတွက် စီမံကိန်းရှုထောင့်မှ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူးနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ခိုင်တို့က ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးသွားမည့် ဆင်းဧကရီ-၃ (CS)မျိုးစေ့များကို တောင်သူများထံ ထောက်ပံ့ပေးအပ်ပြီး ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးအရာရှိ ဦးမျိုးနိုင်သောင်းတို့က မျိုးပြောင်းလဲစိုက်လဲစိုက်ပျိုးခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲခြင်းနှင့် ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာအချိုးကျရောစပ် သုံးစွဲခြင်းတို့ကို တောင်သူများအား အသိပညာပေးဆွေးနွေးပို့ချသည်။

အဆိုပါ သင်တန်းသို့ ပူတာအို၊ မချမ်းဘော့မြို့နယ်များမှ အကျိုးဆောင်တောင်သူ စိုက်ပျိုးရေးစေတနာ့ ဝန်ထမ်း စုစုပေါင်း(၃၀)ဦး နှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်း(၂၀)ဦး စုစုပေါင်း(၅၀)ဦးတို့အား သင်တန်းကာလနှစ်ရက်ကြာဆွေး နွေးပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများအား စပါးတစ်ဧက တင်း(၁၀၀) အထက်ထွက်ရန် လိုက်နာဆောင်ရွက်ရမည့် သိပ္ပံနည်းကျစိုက်နည်း စနစ်(၁၄)ချက် လက်ကမ်းစာစောင်များကိုအခမဲ့ ဖြန့်ဝေသည်။

ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် “ပူတာအိုဒေသဝမ်းစာဖူလုံဖို့ ဒီ(၃)နှစ်မှာ ကြိုးစားစို့” ဆောင်ပုဒ်နှင့်အညီ  ဒေသဝမ်းစာ ဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ်ပြောင်း လဲခြင်းနှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာအချိုးကျရောစပ်သုံးစွဲခြင်းများကို ပူတာအိုမြို့နယ်တွင် ဧက(၇၀၀)၊ မချမ်းဘောမြို့နယ်တွင် ဧက(၂၀၀)၊ နောင်မွန်းမြို့နယ်တွင် ဧက(၁၀၀)စုစုပေါင်း ဧက(၁၀၀၀) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် ပူတာအို မြို့နယ်တွင် ဧက(၃၈၀၀)၊ မချမ်းဘောမြို့နယ်တွင် ဧက(၈၅၀)၊ နောင်မွန်းမြို့နယ်တွင် ဧက(၃၂၀)နှင့် ခေါင်လန်ဖူးမြို့နယ်တွင် ဧက(၃၀) စုစုပေါင်းဧက(၅၀၀၀) အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)