မတ္တရာ ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၃ နာရီက ကံဖြူကျေးရွာ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြို့မ(၁)အုပ်စု ဘောလုံးအသင်းနှင့် လွန်တောင်းအုပ်စု ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့မ(၁)အုပ်စု ဘောလုံးအသင်းမှ ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ပထမဆုကို ရရှိသွားခဲ့သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပ ရာ နေရာအလိုက် အကောင်းဆုံးကစားသမားဆုများနှင့် စတုတ္ထဆုရရှိသော ရေနား-၁ အသင်းအားဒုတိယမြို့နယ်အုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်၊ တတိယဆုရရှိသော ရေနား-၂ အသင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေး၊ ဒုတိယ ဆုရရှိသော လွန်တောင်းအသင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ ပထမဆုရရှိသော မြို့မ-၁ အသင်းအား မြို့နယ်ပညာရေးမှူး ဒေါက်တာအေးအေးသန့်တို့မှ ဆုတံဆိပ်နှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အသက်(၁၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း(၁၅)သင်းဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။
စိုးကျော်သူထွေး(မတ္တရာ)