မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုးညှင်း ဧပြီ ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က ခရိုင်/မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဉပဒေပါ စီမံကိန်း ရည်မှန်းချက်များကို ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို လစဉ် ၃ လပတ်၊ ၆ လပတ်နှင့် နှစ်ချုပ်များအလိုက် အစီရင်ခံစာများကို အချိန်မီ ပြုစုပေးပို့ တင်ပြသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် ဒေသန္တရစီမံကိန်းများနှင့် ပြည်နယ်ဘဏ္ဍာရံပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်း စာအုပ်များအား မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်မြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများကို လည်းကောင်း၊ မိုးညှင်းခရိုင်၏ ဌာနဆိုင်ရာများကိုယ်စား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းထိုက်ကိုလည်းကောင်း အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သိရသည်။

ရွှေမိုးညှင်း