မံစီ ဧပြီ ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း သက်ဆိုင်သူအား လုံးပါဝင်သော စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဌာန၏ စီမံကိန်းလုပ်ငန်းများအတွက်လိုအပ်သည်များကို သက်ဆိုင်ရာကျေးရွာစီမံကိန်းအဖွဲ့များ တာဝန်ရှိသူများနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်ကာ လုပ်ငန်းများ ပို၍အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သုံးသပ်ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပြီး ဌာနမှတာဝန်ရှိသူများနှင့် ကျေးရွာစီမံကိန်းအဖွဲ့ဝင်များအပါအဝင် စီမံကိန်းလုပ်ငန်းနှင့် သက်ဆိုင်သူအားလုံးပါဝင်ကာ စီမံကိန်းလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များ၊ လိုအပ်ချက်များနှင့် ကော်မတီအဖွဲ့ဝင်များလုပ်ငန်းဆောင်ရွက်ရာတွင်တွေ့ရှိရသည့် အခက်အခဲ များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးက စီမံကိန်းလုပ်ငန်းများနှင့်သက်ဆိုင်သည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး ပေးအပ်သောစီမံကိန်းလုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက် ခဲ့သည့်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးခက်ထိန်နန်က ချီးမြှင့်ခဲ့သည့် ဂုဏ်ပြု မှတ်တမ်းလွှာကို ရရှိခဲ့သည့် ကုန်းတိန်ကျေးရွာအုပ်စု၊ မံသဲကျေးရွာ မြစိမ်းရောင်ကျေးရွာရန်ပုံငွေ လုပ်ငန်းကော်မတီအဖွဲ့ဝင်များကို ထပ်ဆင့်ဂုဏ်ပြုမှတ် တမ်းလွှာပေးအပ်ခဲ့သည်။
မံစီမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(၂၄)ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာ (၄၆)ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ ဆက်)