ကချင်ပြည်နယ်ဝန်ကြီးချုပ် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးနှင့် မြို့မဈေးများတွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေး

မြစ်ကြီးနား ဧပြီ ၂၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြန်မာ့တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်၌ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားအား ခမ်းနားစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေ သွန်းလောင်းသည့် ဓလေ့သည် အခြားမည့်သည့် ကမ္ဘာအရပ်ဒေသမျှမရှိဘဲ မြန်မာတို့တွင်သာရှိသော ကြောင့် ဘာသာရေးပွဲတော်အဖြစ်သာ မရှုမြင်ဘဲ မိမိတို့၏ ယဉ်ကျေးမှု၊ မိမိတို့၏ ဓလေ့၊ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ပေါက်ဖွားလာသော ပွဲတော်တစ်ခုဖြစ်သဖြင့် အမြတ်တနိုးထိန်းသိမ်းစောင့်ရှောက်အပ် သော ပွဲတော်မွေအနှစ်တစ်ခုအဖြစ် ဝမ်းမြောက်ဂုဏ်ယူထိုက်ပါကြောင်း၊ ယခုနှစ် ကဆုန်ညောင်ရေ သွန်းလောင်းပွဲတော်ကို ယခင်နှစ်များနှင့်မတူ အများပြည်သူ ပါဝင်ဆင်နွှဲကုသိုလ်ယူနိုင်ရေး စီစဉ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည့် အစီအစဉ်များအပြင် ဆီမီးပူဇော် မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများက ကဆုန်ညောင်ရေသွန်းပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီ အလိုက် တာဝန်ယူဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အများပြည်သူပါဝင်ကုသိုလ်ယူဆင်နွှဲနိုင်ရေး အတီးအမှုတ်များဖြင့် စည်ကားစွာကျင်းပသွားမည့် အစီအမံများကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က နေ့ထူးနေ့မြတ်အခမ်းအနားတစ်ခုဖြစ်သည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်း မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ခမ်းနားစည်ကားစွာ ကျင်းပနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဧပြီ ၂၉ ရက် နံနက် ၇ နာရီက ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်သစ်တောဦးစီးဌာနနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေး စည်ပင်သာယာဆိပ်ကမ်းမှ  ကမ်းနား လမ်းအများပြည်သူအပန်းဖြေသည့် We Love Myitkyina ဆိုင်းဘုတ်နေရာတွင် သန့်ရှင်းသာယာ လှပလာစေရေးအတွက် အမှိုက်များကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ အမှတ်(၁)နှင့် (၂)မြို့မဈေး၊ ရေစင်ကွင်းဈေးတို့တွင် ဈေးရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား လတ်တလော အိမ်နီးခြင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကို အသိပညာပေးခြင်း၊ လက်ကမ်းများ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask များကို အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ ဆက်)