ကချင်ပြည်နယ်အစိုးရအဖွဲ့ကဦးစီး၍ မြစ်ကြီးနားမြို့ လောကမာ၇်အောင်ဆုတောင်းပြည့် စေတီတော်၌ ဒုတိယအကြိမ် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား ဧပြီ ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌန်း ရွတ်ဖတ်ပူဇော်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်သံဃနာယက အကျိုးတော်ဆောင်၊ ဝန်းသိုကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်/ သံဃာတော်ကြီးများ ကြွရောက်တော်မူကြသည်။

ရှေးဦးစွာ အသံမစဲမဟာပဌာန်းပွဲ ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ကြကာ ဆရာတော်ကြီးများက မဟာပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်ပူဇော်ခြင်း၊ ပဌာန်းဒေသနာတော် နာယူကြည်ညိုရန် နတ်ဗြဟ္မာများအား ဒေဝ နိမန္တဂါထာဖြင့် ပင့်ဖိတ်ခြင်းတို့ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် ဝန်းသိုကျောင်းတိုက်ဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေက သာသနာတော်ဆိုင်ရာများကို လျှောက်ထားကာ ပြည်နယ်ဝန်ကြီးချုပ်က လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူငွေကျပ်သိန်း ၁၀၀ ကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ဆရာတော်/ သံဃာတော်များက ပဌာန်းပစ္စယုဒ္ဒေသကို ရွတ်ဖတ်ပူဇော်ကြပြီးနောက် ဆရာတော်များက ဆက်လက်၍ အလှည့်ကျ ပဌာန်းပစ္စယနိဒ္ဒေသပါဠိတော်များကို စတင် ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဆုတောင်းပြည့်စေတီတော် ဝင်းအတွင်း မဟာဗောဓိပင်၌ ၁၃၈၅ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းပွဲတော် ကျင်းပပြုလုပ်နိုင်ရေးနှင့် ဆီမီးပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းရှေ့ ဆမားလမ်းမပေါ်၌ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့်နန်းတော်ဝင်စာပေ၊ မော်စာပေ၊ တက်လူစာပေနှင့် အကြီးကိုကိုစာအုပ်တိုက်တို့ ပူးပေါင်း၍ စာအုပ်ဈေးရောင်းပွဲတော်ဆိုင်ခန်းများ ဖွင့်လှစ်၍ သုတ၊ ရသစာအုပ်များ၊ ဥပဒေရေးရာ စာအုပ်များ ရောင်းချနေမှုများနှင့် စာပေဝါသနာရှင်များ၏ ဝယ်ယူအားပေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်