မချမ်းဘော၌ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

မချမ်းဘော မေ ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံနည်းပြ(နည်းစနစ်) ဒေါ်ခင် လင်းစိန်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဂျီယောနသန်က ထပ်ဆင့်အမှာစကားပြောကြားရာတွင် “သင်တန်းသားများအနေဖြင့် ဒီသင်တန်းမှာ အခြေခံအားကစားနည်းများကို သင်ယူတတ်မြောက်ပြီးဖြစ်ပေမယ့် အစဥ်လေ့ကျင့်နေကြဖို့လိုအပ်ကြောင်း၊ အားကစားသမားကောင်းများ ဖြစ်လာရန်များများ လေ့ကျင့်ရမည်ဖြစ်ကြောင်း” ကိုထည့်သွင်းပြောကြားပြီး  သင်တန်းဆင်းလက်မှတ်နှင့် အားကစားဝတ်စုံများကိုပေးအပ်ရာ သင်တန်းသားများကိုယ်စား မောင်ဖုန်ဆန်းထင်ဆန်းကလည်းကောင်း သင်တန်းသူများကိုယ်စား မဇမီအောင်ကလည်းကောင်း လက်ခံယူခဲ့ကြသည်။

အဆိုပါ နွေရာသီအခြေခံ အားကစားသင်တန်းကို ဧပြီ ၁၈ မှ ဧပြီ ၂၉ ရက်နေ့ထိ သင်တန်းသား ၈၀ ဦးတို့အား အခြေခံဘောလုံးကစားနည်း၊ပြေးခုန်ပစ် ကစားနည်း၊ Physical Fitness Dance အားကစားနည်းများကို အခမဲ့သင် ကြားပေးခဲ့သော သင်တန်းဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)