မချမ်းဘောမြို့၌ မွေးစမှ ၂ နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ

မချမ်းဘော မေ ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါ ဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးစမှ(၂)လ၊(၄)လ၊(၆)လ၊(၉)လနှင့် တစ်နှစ်ခွဲကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောင်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ဝက်သက်၊ ဂျိပ်သိုး၊ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပထမ၊ဒုတိယ၊တတိယ၊ စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးဆေးတိုက်ခြင်းကို မြို့ပေါ် ၄ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးများအား လစဥ်လဆန်း (၁)ရက်နေ့နှင့် (၂)ရက်နေ့များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)