ပူတာအိုမြို့၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပူတာအို   မေ   ၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃ ခုနှစ် မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ခြင်းကို မေ(၁)ရက် နံနက်(၇)နာရီက ပူတာအိုမြို့ လူအများ သွားလာလျက်ရှိသောနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသိန်းထိုက်၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသော ပြည်သူများ အေးချမ်းစွာဆေးဝါးကုသမှုခံယူနိုင်စေရန်အတွက် ဆေးရုံပတ်လည်တွင် ပေါက်တူးပေါက်ပြားများဖြင့် အမှိုက်များရှင်းလင်းခြင်း၊ တံမြက်စည်းကြမ်းများဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စွန့်ပစ်အမှိုက်များအား စနစ်တကျ ကောက်သိမ်းစွန့်ပစ်ခြင်းစသည့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ခရိုင်မီးသတ်ဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် ပူတာအိုမြို့ မြို့မစည်ပင်သာယာဈေးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ အများမြင်သာသည့်နေရာတွင် (၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ် စိုက်ထူခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

(၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အနေဖြင့်  မေလ(၃)ရက်နေ့တွင် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ မေလ(၅)ရက်နေ့တွင် တပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားဆောင်ရွက်ခြင်းနှင့် တပ်ဖွဲ့နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)