ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်် ဆောင်ရွက်

ကွန်ဟိန်း အောက်တိုဘာ ၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းအား နေ့စဉ်ဆောင်ရွက်လျက်ရှိရာ  ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ပြည်ထောင်စု လမ်းမကြီး၊ လူသွားလူလာများ သည့် လမ်းဆုံနေရာများ၌  ယ‌နေ့နံနက် ၉ နာရီ အချိန်ခန့်က စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 အဆိုပါဆောင်ရွက်ခြင်းတွင်  လမ်းသွားလမ်းလာပြည်သူများ Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Mask များ ဖြန့်ဝေ ပေးခြင်း၊ မြို့နယ်အတွင်း ဝင်ရောက်လာသည့် ယာဉ်များအား သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ထောက်ခံစာ၊နေထိုင်ရာ မြို့နယ်ထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားနေသည့် နေရာဒေသများမှ ပြန်လည်ဝင်ရောက် လာသူများ ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 ယင်းသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

 ပြည့်စန္ဒီမြင့်(ပြန်/ဆက်)