မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲများအား လေ့ကျင့်သင်ကြားပေး

 

မိုင်းကိုင်       အောက်တိုဘာ     ၅

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌  ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌  မဲရုံလုံခြုံရေး  တာဝန်ထမ်းဆောင်ကြမည့်  အထူးရဲများအား လေ့ကျင့်သင်ကြားပေးမှုသင်တန်းကို  မိုင်းကိုင် မြို့မရဲစခန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးကြည်ခိုင်က  ဦးဆောင်၍  အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ သင်တန်းများလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းသို့  မိုင်းကိုင်မြို့နယ်အတွင်း  အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မည့် မဲရုံ(၃၅) ရုံ၌  တာဝန်ထမ်းဆောင်ကြမည့်  ရပ်ကွက်/ကျေးရွာအုပ်စု  ကိုယ်စားပြု  အထူးရဲ ၃၅ ဦးတို့  တက်ရောက် ခဲ့ကြပြီး  သင်တန်းတွင်   စစ်ရေးပြ(လက်နက်မဲ့) လေ့ကျင့်ခြင်း၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ အက်ဥပဒေ များ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ၊ ဥပဒေများ ၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့် ဥပဒေများကို  အောက်တိုဘာလ ၂၈ ရက်နေ့အထိ သင်တန်းချိန် စုစုပေါင်း ၁၈၀ ချိန်ဖြင့်  တာဝန်ရှိသူများက လေ့ကျင့်သင်ကြားပေးသွားမည်ကြောင်း  သိရှိရသည်။

 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)